မီဒီယာတွေကို ပိတ်ပင်လို့ ထရမ့်ကို အမေရိကန် သတင်းဌာနကြီးတွေ သပိတ်မှောက်
စက်တင်ဘာ ၂၂ - ၂၀၂၆
ဂျာနယ်လစ်တွေကို အိမ်ဖြူတော်ထဲ ဝင်ခွင့်ပိတ်ပင်ခဲ့တာကို တုံ့ပြန်တဲ့ အနေနဲ့ အမေရိကန် ရုပ်သံကွန်ရက် သတင်းဌာနကြီးတွေဟာ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ သတင်းတွေကို ပူးပေါင်းရယူ ရိုက်ကူးပေးနေမှုကို တနင်္လာနေ့မှာ ဆိုင်းငံ့လိုက်ကြပါတယ်။
ထရမ့်ဟာ သူ့အစိုးရအဖွဲ့အကြောင်း "လုပ်ကြံဖန်တီးချက်တွေ၊ မုသားတွေ" ရေးသား နေတယ်လို့ စွပ်စွဲပြီး သတင်းဌာနတွေကို ပိတ်ပင် ကြောင်း သောကြာနေ့က ကြေညာခဲ့တာပါ။
အဲဒီ သတင်းဌာနတွေက သတင်းထောက်တွေဟာ စနေနေ့မှာ အိမ်ဖြူတော် အဆောက်အအုံ အတွင်း ဝင်ရောက်ခွင့် ငြင်းပယ် ခံခဲ့ရတယ် လို့ ပြောပါတယ်။
ပိတ်ပင်ခံရတဲ့ အမေရိကန် သတင်းဌာန သုံးခု ကတော့ "အစိုးရအနေနဲ့ သတင်းမီဒီယာတွေ ဘာသတင်း ဖော်ပြရမယ်ဆိုတာကို ဆုံးဖြတ်ပိုင်ခွင့် မရှိဘူးဆိုတဲ့ မူဝါဒကို ကာကွယ်ဖို့" ထရမ့် အစိုးရအဖွဲ့ကို တရားစွဲဆို သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။
မကြာမီမှာပဲ အိမ်ဖြူတော်ဟာ သမ္မတရဲ့ ရုပ်သံဖိုင်တွေကို ၂၄ နာရီပတ်လုံး ထုတ်လွှင့်ပြသပေးမယ့် Trump TV ဆိုတဲ့ ကိုယ်ပိုင် တိုက်ရိုက်ထုတ်လွှင့်မှု လိုင်းတခုကို စတင်လိုက်ပါတယ်။
တခြား အမေရိကန် သတင်းဌာန အများအပြားကလည်း ပူးပေါင်း သတင်းရယူမှု တွေမှာ ပါဝင်တော့မှာ မဟုတ်ကြောင်း ကြေညာခဲ့ကြပြီး New York Times နဲ့ Washington Post အပါအဝင် တချို့မီဒီယာတွေက တနင်္လာနေ့ ထရမ့်ရဲ့ ပွဲတွေက ဓာတ်ပုံတွေကို မျှဝေတော့မှာ မဟုတ်ကြောင်း ပြောကြားခဲ့ ပါတယ်။
ဒါကြောင့် ထရမ့် Air Force One ပေါ် တက်တာနဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ဖို့ နယူးယောက်ကို ရောက်ရှိလာတဲ့ ရုပ်သံမှတ်တမ်း ရိုက်ကူးချက်တွေ ရုပ်သံလိုင်းတွေမှာ ပါဝင်လာခြင်း မရှိတော့ပါ။
ထရမ့်ဟာ အိမ်ဖြူတော် တောင်ဘက် မြက်ခင်းပြင်မှာ ပြုလုပ်တဲ့ Marine One ရဟတ်ယာဉ် ဆင်းတဲ့ ကွင်းသစ် အတွက် ဖဲကြိုးဖြတ်ပွဲ အခမ်းအနား မှာလည်း ပါဝင်ခဲ့ပါတယ်။ ဒီပွဲကို အိမ်ဖြူတော် ဝဘ်ဆိုက်မှာ တိုက်ရိုက် ထုတ်လွှင့်ခဲ့ပေမဲ့ သူ့ရဲ့ ပြောကြားချက်တွေကိုတော့ သဲသဲကွဲကွဲ မကြားခဲ့ ရပါ။
သမ္မတဟာ နယူးယောက်မြို့တော်ဝန် Zohran Mamdani နဲ့ တွေ့ဆုံ အပြီးမှာတော့ ရုပ်သံလိုင်းတွေမှာ ပြန်လည် ပေါ်ထွက်လာခဲ့ပါတယ်။
မြို့တော်ဝန်က မီဒီယာအဖွဲ့ဝင် အားလုံးကို သတင်းစာရှင်းလင်းပွဲ အတွက် ကြိုဆို သွားမှာဖြစ်ကြောင်း သမ္မတကို ပြောကြားခဲ့ပါတယ်။
ထရမ့်က "ဒါဟာ စိတ်ဝင်စားဖို့ကောင်းပါတယ်၊ ဘာလို့လဲဆိုတော့ သူတို့က ကျွန်တော့်ကို သပိတ်မှောက်မယ်လို့ ပြောခဲ့ပေမဲ့ ဘယ်တော့မှ သပိတ် မမှောက်ပါဘူး၊ ဒါကြောင့် ကျွန်တော် အဲ့ဒီအတွက် သိပ်မစိုးရိမ် ပါဘူး။ ဒီမှာကြည့်ပါဦး၊ သတင်းထောက်တွေ အများကြီးပါပဲ" လို့ ပြောခဲ့ပါတယ်။
ပူးပေါင်း သတင်းရယူမှု Pool ဆိုတာ ကတော့ အမေရိကန် ပြည်သူတွေထံ သမ္မတရဲ့ ပွဲတွေကို ထုတ်လွှင့် ပြသရာမှာ ကုန်ကျစရိတ်နဲ့ နေရာရဖို့ အတွက် သက်သာစေဖို့ သတင်းမီဒီယာ အဖွဲ့အစည်းတွေ ပူးပေါင်း ဆောင်ရွက် ကြတာ ဖြစ်ပါတယ်။
အိမ်ဖြူတော်မှာ သတင်းယူနေတဲ့ ရုပ်သံသတင်းထောက် အဖွဲ့တွေကို စီစဉ်ပေးဖို့ အလှည့်ကျ တာဝန်ယူထားသူ Fox News ရဲ့ ဝါရှင်တန် ရုံးခွဲ အကြီးအကဲ Bryan Boughton က "ဒီနေ့ကစပြီး ရုပ်သံ Pool အဖွဲ့ဟာ ထရမ့်ရဲ့ သတင်းတွေကို အထူးသီးသန့် ရိုက်ကူးပေးတော့မှာ မဟုတ်ကြောင်း" အီးမေးလ်ထဲမှာ ရေးသားထားတာကို တွေ့ရပါတယ်။
အိမ်ဖြူတော်ကနေ ထရမ့်ရဲ့ နယူးယောက် ခရီးစဉ်အတွက် CNN ကို Pool တာဝန်တွေ ဆောင်ရွက်ခွင့် "တားမြစ်" ခဲ့ပြီးနောက် အခုလို အရေးယူ ဆောင်ရွက်မှု ထွက်ပေါ်လာတာ ဖြစ်ကြောင်းနဲ့ "အစားထိုး Pool လည်း ဖွဲ့စည်းသွားမှာ မဟုတ်ကြောင်း" ဖော်ပြထား ပါတယ်။
အိမ်ဖြူတော်ထဲ အဝင်ပိတ်ခံထားရတဲ့ သတင်းမီဒီယာ အဖွဲ့အစည်း သုံးခုဟာ တနင်္လာနေ့မှာ ဝါရှင်တန်ရှိ အမေရိကန် ခရိုင်တရားရုံးမှာ တရားစွဲဆို လိုက်ပါတယ်။
ဥပဒေကြောင်းအရ အရေးယူဖို့ ပူးတွဲထုတ်ပြန် ချက်မှာ "အိမ်ဖြူတော်ဟာ ကြိုတင် အကြောင်းကြားခြင်း သို့မဟုတ် လုပ်ထုံး လုပ်နည်း မရှိဘဲ ကျွန်ုပ်တို့ သတင်းတင်ဆက်မှုကို ကန့်ကွက်တာဟာ သတင်းထောက်တွေရဲ့ အခွင့်အရေးကို ပယ်ဖျက်တာ ဖြစ်တယ်" လို့ ဖေါ်ပြထားပါတယ်။
"ဒါကို စိန်ခေါ်မှု မလုပ်ဘဲ ဒီအတိုင်း လွှတ်ထားရင် စာနယ်ဇင်း လွတ်လပ်ခွင့်နဲ့ အစိုးရရဲ့ ဝင်ရောက်စွက်ဖက်မှု ကနေ ကင်းလွတ်တဲ့ လွတ်လပ်တဲ့ ဂျာနယ်လစ်ဇင်ကို ပြည်သူတွေ ခံစားပိုင်ခွင့်အပေါ် ခြိမ်းခြောက်ရာ ရောက်မယ်" လို့ ဆိုပါတယ်။
ref: bbc
---------------------------
THN Public Media
-
YouTube ချန်နယ်ကြည့်ပြီး ပံ့ပိုးနိုင်ပြီ
https://www.youtube.com/channel/UCuKoPNBJF5hbn0X8ASUNkHA
THN Public Media တယ်လီဂရမ်မှာ သတင်းတွေကို အချိန်နဲ့အမျှ တင်ဆက်ပေးနေပါပြီ။
https://t.me/+iFZ9Q4hyodJkNjRk
https://t.me/THNjournalist
တစ်တော့ လာပြီ
https://www.tiktok.com/@thnmedia?lang=en
-
ဖေ့စ်ဘွတ်မှာ Subscribe လုပ်ပြီး ပံ့ပိုးနိုင်ပြီ
https://www.facebook.com/becomesupporter/100066613536888/
--------------------------
တွစ်တာလည်း ရှိတယ် Twitter - https://twitter.com/winburmese