အိန္ဒိယမိုးလေဝသဌာန (IMD) ၏ Tropical Weather Outlook UPDATE၊ Forecast Track မြေပုံ၊ သတင်းထုတ်ပြန်ချက် (Press Release) နှင့် VENTUSKY မိုးရေချိန်ခန့်မှန်းချက် မြေပုံများ အရ မြန်မာနိုင်ငံအတွင်း ဖြတ်သန်းလျက်ရှိသော လေဖိအားနည်းရပ်ဝန်း (Depression) ၏ လမ်းကြောင်းအခြေအနေနှင့် ရခိုင်ပြည်နယ်အတွင်း ဒေသအလိုက် ၂၄ နာရီ မိုးရေချိန် ခန့်မှန်းချက်နှင့် အသေးစိတ် သုံးသပ်ချက်များ - (စက်တင်ဘာ ၂၉ ရက် ည ၁၀ နာရီ UPDATE) =======
၁။ လေဖိအားနည်းရပ်ဝန်း (Depression) ၏ ဗဟိုချက် လမ်းကြောင်း ရွေ့လျားမှု အခြေအနေ 📌 လက်ရှိ ဗဟိုချက် တည်နေရာ (၂၉-၀၉-၂၀၂၆၊ 1200 UTC / မြန်မာစံတော်ချိန် ည ၆:၃၀ နာရီ): ဗဟိုချက်သည် မြောက်လတ္တီကျု ၂၀.၇ ဒီဂရီ၊ အရှေ့လောင်ဂျီကျု ၉၄.၃ ဒီဂရီ အနီး (မင်းတပ်မြို့၏ တောင်-တောင်အရှေ့ဘက် မိုင် ၅၀ / ၈၀ ကီလိုမီတာ နှင့် ကျောက်တော်မြို့၏ အရှေ့ဘက် မိုင် ၁၀၅ မိုင် / ၁၇၀ ကီလိုမီတာ အကွာ) သို့ ရောက်ရှိခဲ့သည်။ ဗဟိုချက်အနီး အမြင့်ဆုံး လေတိုက်နှုန်းမှာ ၂၀ နော့ (တစ်နာရီ ၂၃ မိုင်ခန့်) ရှိပြီး လေဖိအားနည်းရပ်ဝန်း (Depression - D) အဖြစ် ဆက်လက် ရွေ့လျားခဲ့သည်။
📌 ရှေ့ဆက် ရွေ့လျားမည့် လမ်းကြောင်း ခန့်မှန်းချက်: ဗဟိုချက်သည် အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားလျက်ရှိပြီး အားလျော့ကာ စက်တင်ဘာ ၂၉ ရက် ညပိုင်း/မသန်းခေါင်ယံ အချိန် တွင် လေဖိအားနည်းရပ်ဝန်းကျွင်းကျန် (Well Marked Low Pressure Area - WML) အဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်သည်။ ထို့နောက် အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျား၍ မြန်မာနိုင်ငံ ချင်းပြည်နယ်/စစ်ကိုင်းတိုင်း အောက်ပိုင်းမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ တောင်အရှေ့ပိုင်း၊ အိန္ဒိယနိုင်ငံ မီဇိုရမ် (Mizoram) နှင့် တြိပူရ (Tripura) ပြည်နယ်များ ဘက်သို့ ဦးတည် အားလျော့ ရွေ့လျားသွားမည် ဖြစ်သည်။ ၂။ မြန်မာနိုင်ငံ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သက်ရောက်မှု သုံးသပ်ချက် 📌 စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး နှင့် ချင်းပြည်နယ် - လေဖိအားနည်းရပ်ဝန်း၏ ဗဟိုချက် အနီးဆုံး ဖြတ်သန်းရာ လမ်းကြောင်းဖြစ်သဖြင့် မကွေးတိုင်း (အထူးသဖြင့် စေတုတ္တရာ၊ မင်းဘူး၊ မကွေး၊ သရက်)၊ စစ်ကိုင်းတိုင်း (မုံရွာ၊ ယင်းမာပင်၊ ကနီ) နှင့် ချင်းပြည်နယ် (မင်းတပ်၊ မတူပီ၊ ဖလမ်း၊ ဟားခါး) တို့တွင် မိုးကြီးခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းများနှင့်အတူ တောင်ကျရေ ကျဆင်းမှု/မြေပြိုမှု အန္တရာယ် မြင့်မားပါသည်။
📌 မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော် နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) - အနောက်မြောက်ဘက်သို့ ရွေ့လျားသွားသော်လည်း မိုးတိမ်တိုက် အကြွင်းအကျန်များနှင့် လေပွေလှိုင်းများကြောင့် မန္တလေး၊ မိတ္ထီလာ၊ မြင်းခြံ၊ ညောင်ဦးနှင့် ရှမ်းရိုးမ တောင်ခြေ ဒေသများတွင် နေရာကွက်ကျား မိုးကြီးနိုင်ခြေ ဆက်လက် ရှိနေပါသည်။
📌 ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် တနင်္သာရီတိုင်း - စက်တင်ဘာ ၂၈/၂၉ ရက်များတွင် အားကောင်းသော ဗဟိုချက် ဖြတ်သန်းခဲ့ပြီး ဖြစ်သော်လည်း အနောက်တောင် မုတ်သုံလေ စိုစွတ်မှု လမ်းကြောင်းကြောင့် မိုးရွာသွန်းမှု ဆက်လက် ရှိနေမည် ဖြစ်ကာ မြို့နယ်အချို့တွင် မိုးရေချိန် လျော့နည်းလာမည် ဖြစ်သည်။ ၃။ ရခိုင်ပြည်နယ်အတွင်း ၂၄ နာရီ မိုးရေချိန် ခန့်မှန်းချက် သုံးသပ်ချက် (စက်တင်ဘာ ၃၀ ရက် အခြေအနေ) VENTUSKY မြေပုံအချက်အလက်များ (Accumulation Precipitation model) ၏ စက်တင်ဘာလ ၃၀ ရက်နေ့ ၂၄ နာရီအတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် အလယ်ပိုင်း မြို့နယ်များအလိုက် မိုးရွာသွန်းနိုင်သည့် ပမာဏ (Meteogram/Daily Accumulation) ခန့်မှန်းချက်များမှာ အောက်ပါအတိုင်း မိုးများရာမှ အလွန်များနိုင်သည့် အခြေအနေ ဖြစ်ပါသည်။
၄။ ဘေးအန္တရာယ် အသိပေးချက်နှင့် သတိပေးချက် ⚠️⚠️ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ နှင့် ရသေ့တောင် မြို့နယ်များ: ၂၄ နာရီ မိုးရေချိန် ပမာဏမှာ 100 mm မှ 500 mm အထက်အထိ အလွန်မြင့်မားစွာ ပြသနေသဖြင့် တောင်ကျရေ ရုတ်တရက် ကျဆင်းခြင်း၊ မြစ်ချောင်းများ ရေလျှံခြင်းနှင့် မြေပြိုမှုများ အထူးစိုးရိမ်ရသည့် အခြေအနေ ဖြစ်ပါသည်။
⚠️ ရခိုင်ရိုးမ အရှေ့ဘက်/အနောက်ဘက် တောင်ခြေဒေသများ: မကွေးတိုင်းအနောက်ဘက် (စေတုတ္တရာ စသည်) နှင့် ရခိုင်ပြည်နယ် မြောက်ပိုင်း မြို့နယ်များတွင် ရေဘေး အန္တရာယ်နှင့် ရေဝေရေလဲ ဒေသများမှ ရေဆင်းမှုများကို အထူးဂရုပြု လိုက်နာရန် လိုအပ်ပါသည်။