KBZ Bank၊ AYA Bank၊ Htoo Hospitality နှင့် Parami University ဆိုက်ဘာတိုက်ခိုက်ခံရပြီး ဒေတာအချက်အလက်များ ရရှိထားသည်ဟု The Crew ဟက်ကာအဖွဲ့ က ကြေညာ
ဩဂုတ်လ ၂၆ ရက်
မြန်မာနိုင်ငံမှ KBZ Bank၊ AYA Bank၊ Htoo Hospitality နှင့် Parami University တို့ကို “The Crew” ဟု အမည်ပေးထားသည့် ဟက်ကာအဖွဲ့က ဆိုက်ဘာတိုက်ခိုက်ခဲ့ပြီး အဆိုပါအဖွဲ့အစည်းများ၏ ဒေတာများကို ရယူထားကြောင်း အဆိုပါအဖွဲ့က ကြေညာချက်ထုတ်ပြန်ထားသည်။
The Crew ဟက်ကာအဖွဲ့က အဆိုပါအဖွဲ့အစည်း ၄ ခုကို ဆိုက်ဘာတိုက်ခိုက်ခဲ့သည့် ပစ်မှတ်များအဖြစ် ဩဂုတ်လ ၂၄ ရက်နေ့တွင် ကြေညာဖော်ပြခဲ့ပြီး ဒေတာများ ရယူထားကြောင်း ထုတ်ပြန်ခဲ့သည်။
ထို့အပြင် The Crew အဖွဲ့က မြန်မာနိုင်ငံပြင်ပရှိ အဖွဲ့အစည်းများဖြစ်သည့် အင်ဒိုနီးရှားရဲတပ်ဖွဲ့နှင့် Cyprus Airways တို့၏ ဒေတာများကိုလည်း ရရှိထားကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
The Crew ၏ အဆိုပါထုတ်ပြန်ချက်များကို RansomLook နှင့် SOCRadar ကဲ့သို့သော ဆိုက်ဘာလုံခြုံရေးဆိုင်ရာ စောင့်ကြည့်ရေးပလက်ဖောင်းများတွင်လည်း မှတ်တမ်းတင်ဖော်ပြထားသည်။
သို့သော် လက်ရှိအချိန်အထိ KBZ Bank၊ AYA Bank၊ Htoo Hospitality နှင့် Parami University တို့က ဆိုက်ဘာတိုက်ခိုက်ခံရမှုနှင့် ဒေတာများ ခိုးယူခံရမှုကို တရားဝင်အတည်ပြု ထုတ်ပြန်ထားခြင်း မရှိသေးပေ။
ထို့ကြောင့် The Crew ၏ ပြောဆိုချက်ကို လက်ရှိတွင် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသည့် တစ်ဖက်သတ် ထုတ်ပြန်ကြေညာချက် အဖြစ်သာ သတ်မှတ်နိုင်သေးသည်။
ဆိုက်ဘာလုံခြုံရေးဆိုင်ရာ လေ့လာသူများ၏ အဆိုအရ Ransomware နှင့် Data Extortion အဖွဲ့များသည် ဆိုက်ဘာတိုက်ခိုက်မှုများပြုလုပ်ပြီးနောက် ရရှိထားသည်ဟုဆိုသည့် ဒေတာအချို့ကို ထုတ်ဖော်ပြသကာ ကုမ္ပဏီများထံမှ ငွေကြေးတောင်းခံခြင်း၊ ဒေတာများကို ရောင်းချမည်ဟု ခြိမ်း ခြောက်ခြင်းများ ပြုလုပ်လေ့ရှိသဖြင့် ဟက်ကာအဖွဲ့များ၏ ထုတ်ပြန်ချက်တိုင်းကို သီးခြားစစ်ဆေးအတည်ပြုရန် လိုအပ်ကြောင်း သိရသည်။
သို့သော် The Crew က ဖော်ပြထားသည့် ဒေတာအချို့နှင့် ပတ်သက်၍ အကောင့်များ သို့မဟုတ် သက်ဆိုင်ရာ ဝန်ဆောင်မှုများကို လုံခြုံရေးအရ ပိတ်ထားခြင်းများ ရှိ၊ မရှိ စသည့် အချက်များကို ထပ်မံစစ်ဆေးရန် လိုအပ်နေပြီး ယင်းအချက်တစ်ခုတည်းဖြင့် ဒေတာပေါက်ကြားမှုကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။
ယခုဖြစ်စဉ်မတိုင်မီ ယခုနှစ် ဇွန်လအတွင်းကလည်း AYA Bank တွင် ဆိုက်ဘာတိုက်ခိုက်ခံရမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ငွေကြေးဆိုင်ရာ မဟုတ်သော လျှောက်လွှာအချက်အလက်အချို့ ပြင်ပသို့ ပေါက်ကြားခဲ့ကြောင်း AYA ဘဏ်ကိုယ်တိုင်က တရားဝင်အတည်ပြုထုတ်ပြန်ကြေညာခဲ့ဖူးသည်။
AYA Bank က အဆိုပါ ဇွန်လဖြစ်စဉ်တွင် တိုက်ခိုက်ခံရသည့် Portal သည် ဘဏ်၏ Core Banking System၊ AYA Pay System နှင့် Card System များနှင့် တိုက်ရိုက်ချိတ်ဆက်ထားခြင်းမရှိသဖြင့် အဓိကဘဏ်ဝန်ဆောင်မှုများ ထိခိုက်မှုမရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
လက်ရှိ KBZ Bank၊ AYA Bank၊ Htoo Hospitality နှင့် Parami University တို့၏ ဆိုက်ဘာလုံခြုံရေးဖြစ်စဉ်ကို အတည်ပြုပြီးဖြစ်သည့် ဒေတာပေါက်ကြားမှု အဖြစ် မသတ်မှတ်သေးနိုင်ဘဲ The Crew အဖွဲ့၏ ထုတ်ပြန်ချက်နှင့် ကြေညာချက်အဆင့်တွင်သာရှိနေသေးသည်။
သို့ဖြစ်၍ သက်ဆိုင်ရာအဖွဲ့အစည်းများ၏ တရားဝင်ထုတ်ပြန်ချက်များနှင့် ဆိုက်ဘာလုံခြုံရေးအဖွဲ့များ၏ သီးခြားစစ်ဆေးချက်များကို ဆက်လက်စောင့်ကြည့်ရန် လိုအပ်နေကြောင်း ကျွမ်းကျင်သော နည်းပညာရှင်တချို့က လူမှုကွန်ရက်မှတစ်ဆင့် ပြည်သူများကို အသိပေးထားသည်။
#KTM #Aungpwel